တောင်ငူမြို့၌ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တောင်ငူ သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက အမှာစကားပြောကြားပြီး တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်ခြူးခြူးခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၃၅၀)ဦးခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်ခြူးခြူးခိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခြင်းများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)