ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ညောင်လေးပင် ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ အဖွင့်အမှာစကားပြောကြီး ထောက်ပံ့ငွေပေးအပ်ရာတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်၊ ပြွန်တန်ဆာနှင့် မဒေါက်ဒေသများအတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့်ပြည်သူများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကာယကံရှင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာ၌ နေရပ်စွန့်ခွာပြည်သူတစ်ဦးအတွက် ကျပ်(၂၀၀၀၀)နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန် သုံးလစာအတွက် ငွေကျပ်(၆၀၀၀၀)နှုန်းစီကို ညောင်လေးပင်မြို့နယ်ရှိ မြို့မ(၃)ရပ်ကွက်အတွင်း သက်ဆိုင်ရာကာယကံရှင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)