ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဩဂုတ် ၂၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယမန်န်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိ သူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် စုစုပေါင်း စိုက်ဧက ၈၅သိန်းကျော်စိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျေးလက်လူဦးရေ ၈၅ ရာခိုင်နှုန်း နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆက်စပ်သည့် အလုပ်အကိုင်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးသီးနှံပန်းတိုင် အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် များစွာအထောက်အပံ့ရမည်ဖြစ်ကြောင်း၊ တောင်သူများ၏လက်ဝယ်သို့ သွင်းအားစုများ အချိန်မီပေးအပ်ရန်လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောက်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ပါဝင်ဆောင်ရွက် စာချုပ်ချုပ်ဆိုခဲ့သည့် ကုမ္ပဏီများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားတာဝန်ရှိသူတစ်ဦးက ဓာတ်မြေဩဇာရောင်းချပေးမည့်အစီအစဉ်များကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွက် မိုးစပါးဓာတ်မြေဩဇာလိုအပ်ချက်တင်ပြမှု၊ မိုးစပါးဓာတ်မြေဩဇာ (ဩဂုတ်) လအတွက် မြို့နယ်များအလိုက်ခွဲဝေရရှိမှု၊ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းများနှင့် အသုံးပြုရမည့် ပုံစံများအားလည်းကောင်း၊ ဓာတ်မြေဩဇာသွင်းအားစု ကုမ္ပဏီများကိုယ်စား တာဝန်ရှိသူတစ်ဦးက သွင်းအားစုဓာတ်မြေဩဇာ စတင်ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ပိုမိုရရှိခဲ့သည့် အတီးဘာသာရပ်တွင် ပိုမိုအားထည့်ဆောင်ရွက်လိုပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စက်တင်ဘာပထမပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲဝင်ရန် စခန်းသွင်းလေ့ကျင့် သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များထားရှိရန် တည်းခိုမည့်နေရာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်” အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသာပြတိုက်ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ယှဉ်ပြိုင်ရန်လျာထားသည့် ပြိုင်ပွဲဝင်အဆင့်များနှင့် ဘာသာရပ်များ၊ ယခင်နှစ်က ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် အင်အားစာရင်းနှင့် ဆုတံဆိပ်ရရှိခဲ့မှုအခြေအနေများ၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်ပြဌာန်းထားသော ပြိုင်ပွဲဝင်တေးသီချင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတိုင်းဒေသကြီးအဆင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)