ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးလျာထားဧက(၄၆၇၅၇)ဧကစိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရာသီအလိုက်အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်သည့်မိုးစပါးကို ဧကပေါင်း (၄၆၇၅၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူအများစုမှာ တောင်သူလယ်သမားများဖြစ်ကြပြီး စိုက်ပျိုးရန်မြေဧကအလွန်ပေါများသည့်အပြင် တစ်နှစ်ပတ်လုံးသီးနှံမျိုးစုံစိုက်ပျိုးနိုင်စေရန်အတွက် တောင်နဝင်းရေလှောင်တမံကလည်း တစ်ဖက်တစ်လမ်းမှအထောက်အကူပြုသောကြောင့် ယနေ့ဩဂုတ်လ ၂၀ ရက်နေ့အထိ မိုးစပါးစိုက်ဧက(၄၆၇၅၇)ဧကကို လျာထားချက်အပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ထို့အပြင်မိုးစပါးကို တောင်သူလယ်သမားများ၏လယ်ယာမြေများတွင် လျာထားဧကပြည်မီကျော်လွန်အောင်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့်စက်ပစ္စည်း အကူအညီများနှင့်စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)