ကျုံပျော်မြို့နယ်၌ သဘာ၀‌‌မြေသြဇာ(စူပါဘိုကာရှီ) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေးပွဲပြုလုပ်

ကျုံပျော် ဩဂုတ် ၂၀

၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် စပါးခွံကိုအသုံးပြု၍ သဘာဝမြေဩဇာ(စူပါဘိုကာရှီ) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေးအခမ်းအနားကိုဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာအုပ်စုရှိ တောင်သူဦးမောင်မြင့်၏ လယ်မြေအတွင်း၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် စိုက်တိုးမြင့်အဖွဲ့ဝင်များ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ လူသားတို့အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်စေရန်လိုအပ်ကြောင်း၊  ယခုအခါ မြေဆီလွှာကျန်းမာရေး ထိခိုက်လာပြီး ပြောင်းလဲလာသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်အားနည်း လာသည်ကိုတွေ့ရှိရကြောင်း၊ ယခုကဲ့သို့သဘာဝမြေဩဇာ(စူပါဘိုကာရှီ) ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာ ဂေဟစနစ်ကို ကောင်းမွန်လာခြင်းနှင့်အတူ တောင်သူများ (၁)ဧကကုန်ကျစရိတ်ကို သက်သာစေနိုင်ကြောင်း နည်းပညာပေးပြောကြားသည်။ ထို့နောက် သဘာဝမြေဩဇာ(စူပါဘိုကာရှီ) ပြုလုပ်ရန် လိုအပ်သည့်ပစ္စည်းများအား ရှင်းလင်းပြသပြီး၊ မြေအသုံးချရေးတာဝန်ခံမှ စူပါဘိုကာရှီမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်ကို အသေးစိတ်  လက်တွေ့ သရုပ်ပြသခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)