ငါးသိုင်းချောင်းမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်းကျင်းပ

ငါးသိုင်းချောင်း သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက အဖွင့်အမှာစကားပြောကြားပြီး ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်မာလာအောင်နှင့်ရေကြည်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းပြ ဦးဝေယံထွန်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ငါးသိုင်းချောင်း)ကျောင်းမှ Grade-11 ကျောင်းသား မောင်ဖြိုးသူရကျော် က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ကိုကိုအောင် က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မမေဦးမွန်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မပြည့်ဖြိုးခိုင်က လူငယ်နှင့် မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့ သိရှိလိုသည့်မေးခွန်းများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အ.ထ.က(ငါးသိုင်းချောင်း ) ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ( ၅၈၀ ) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)