ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဩဂုတ် ၁၉

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကမြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန်တော်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသူများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်အကြောင်းကြောင့်နှင့်မျှ ပညာရေးတွင် နောက်ကျ မကျန်ရအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်ပီးသူ မဲပေးခွင့်ရသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် တာဝန်ရှိသူများမှ စာရင်းများ မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များ စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း မှတ်ပုံတင်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျ ဆောင်ရွက်ရေး၊ စာရင်းဇယားများ မှန်ကန်မှုရှိစေရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အားကစား ခန်းမတွင်ပြုလုပ်သည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်သူများမှ ဆန္ဒမဲလာရောက်ပေးရာတွင် မဲရုံတာဝန်ရှိသူများက မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသား(ကရင်)မဲဆန္ဒနယ်၊ တိုင်းရင်းသား (ရခိုင်) မဲဆန္ဒနယ်များတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုမဲပေးခြင်း၊ မဲပေးပြီး၍ လက်သန်းမင်တို့ခြင်းအစရှိသည့် သရုပ်ပြစမ်းသပ်မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးသီးနှံစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာ များပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂-၂၀၂၃ မှစ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်လျက်ရှိပြီး တိုင်းဒေသကြီးအနေဖြင့် မိုးစပါးအပါအဝင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်  နှစ်စဉ်တောင်သူလယ်သမားနေ့တွင် တောင်သူများနှင့် ဆွေးနွေးပွဲများ ပြုလုပ်၍ ရည်မှန်းချက်များ ချမှတ်ကာ ရလာဒ်များ ဖော်ထုတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း တစ်ဧက တင်း(၁၀၀) ပြည့်မီအောင် ရောက်ရှိရမည့်နှစ် ဖြစ်ပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူကြီးများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်လျက်ရှိသည့် အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများကိုလည်း သွင်းအားစုများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများ အနေဖြင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် မျိုး/မြေ/ရေ/နည်း မှန်ကန်စွာစိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သော စပါးများအထွက်တိုးအောင်ဆောင်ရွက်ရန်” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသူများတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာသူများအနေဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း၊ ရောက်ရှိ/ထွက်ခွာသတင်းပေးပို့ခြင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ စာရင်းဇယားများမှန်ကန်မှုရှိစေရေး စနစ်တကျ မှတ်တမ်းများဖြင့်ဆောင်ရွက်သွားရန်”မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများ ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာ၊ နဂါးရစ်တောင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ် များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)