မြောင်းမြ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ အဆောက်အဦပန္နက်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် Zarni Htet Co.,Ltd စီမံကိန်းဒါရိုက်တာ ဦးဆန်းဝင်းက (အလျား ပေ ၂၁၀ ၊ အနံ ၁၀၆ ပေ) RC သုံးထပ်ထပ်ပင်မဆောင်၊ (အလျား ပေ၁၂၀၊ အနံ ပေ ၅၀) RC တစ်ထပ်ခွဲဘွဲ့နှင်းသဘင်ခန်းမနှင့် (အလျား ပေ ၁၄၀၊ ပေ ၆၀) RC နှစ်ထပ်ထမင်းစားဆောင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား အသေးစိတ်ရှင်းလင်းခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တရားသူကြီးချုပ် ဦးဝင်းမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက အဆောက်အဦများတည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်ခြင်းနှင့် အမွှေးနံ့သာရေများ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)