မြောင်းမြတွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မြောင်းမြ  သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြောင်းမြမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုင်းနေဇာမောင်က မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများနှင့် ဆရာမများမှ တက်ရောက်လာသူများအား တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့တွင် မဲပေးစက် (၅) လုံးဖြင့် မြို့မ မြို့ဝန်းကျင် (၂၁) အုပ်စုအား မဲရုံသရုပ်ပြခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့ပြီး  ဩဂုတ်လ(၃၁) ရက်နေ့အထိ ရပ်ကွက်များနှင့် ကျေးရွာတိုက်နယ် (၇) တိုက်ရှိ ပြည်သူများအား  လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)