ဒေးဒရဲ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းက ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားတတ် စေရန် ကျင်းပမည့် (၂၆)ကြိမ်မြောက် ဆို၊က၊ ရေး၊ တီး (မြို့နယ်အဆင့်) လူရွေးချယ်ပွဲနှင့် အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ကြားမှု နည်းစနစ်များ ပိုမိုတိုးတက်လာစေရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အထက်တန်း ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးလုပ်ငန်းများနှင့် မြို့နယ်အဆင့် ကျင်းပမည့် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး လူရွေးချယ်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက အနုပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ အနီးကပ်ကြီးကြပ်ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှစိုးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက ကျောင်းတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခြင်းမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းက ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း