ကိုကိုးကျွန်း ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်အတွင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူမှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ ရောဂါဖြစ်ပွားပါကနီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရေး စသည်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်ကလေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်အတွင်း အစားအသောက်များ ပြင်ဆင်ထားမှု၊ ရေစီးရေလာကောင်းမွန်မှု၊ သောက်သုံးရေသန့်ရှင်းမှု၊ ရေမြောင်းအတွင်းထွက်ရှိသည့် အမှိုက်နှင့် အညစ်အကြေးများ စနစ်တကျစွန့်ပစ်မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပညာပေးပြောကြားခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားလာရောက်ရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်များကိုလဲ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)