ကန့်ဘလူ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူများသည် မိသားစုစီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားစိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည့်အလျှောက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးသည့်အနက် ပဲစင်းငုံဧက ၁၁၅၆၆၀ လျာထားပြီး မေ၊ဇွန်လတို့က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ၁၂၃၃၆၆ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့မြို့နယ်မှာ ဒေသခံတောင်သူတွေ ရာသီအလိုက်စိုက်ပျိုးသီးနှံတွေကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ သဘာဝမြေဩဇာများပြုလုပ်သုံးစွဲနိုင်ဖို့၊ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးနိုင်ဖို့၊ တစ်ဧကအထွက်နှုန်းကောင်းမွန်ရေး သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားကျရောက်မှုမရှိရေး၊ စိုက်ပျိုးရေးနည်းပညာများကို လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦး စီးမှူး ဦးမျိုးဇော်ကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧရိယာအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်ပြီး ပဲမျိုးစုံကိုအဓိကသီးနှံအဖြစ် စိုက်ပျိုးသည့်အပြင် သီးထပ်၊ သီးညှပ်လည်း စိုက်ပျိုးထုတ်လုပ်သည့်အတွက် တောင်သူများအနေ ဖြင့် ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ပဲမျိုးစုံစိုက်ပျိုးရာတွင် စျေးကွက်ဝင် ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံအပါအဝင် ပဲမျိုးပေါင်း ၁၇ မျိုးကျော် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း(မိုးကြို) ၆၆၅၀ ဧက၊ ပဲတီစိမ်း(မိုး) ၈၈၇၂၄ ဧက၊ ထောပတ်ပဲ ၇၇၇ ဧက၊ စွန်တာပြာ ၂၂၂၅ ဧက၊ ပဲစင်းငုံ ၁၂၃၃၆၆ ဧကနှင့်အခြားပဲ ၉ ဧကစိုက်ပျိုးပြီးဖြစ်သည်။
ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံများမှာ စပါးအပါအဝင် ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံနှင့်ဥယျာဥ်ခြံသီးနှံများ စိုက်ပျိုးထုတ်လျက်ရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုး၊ ဆောင်း၊ နွေရာသီအလိုက် လျာထားချက်ဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း