ပုသိမ် သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းစတင်၍ ရပ်ကွက်အသီးသီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဖွဲ့(၄)ဖွဲ့ခွဲကာ ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၇) ရပ်ကွက်များသို့လည်းကောင်း၊ နေ့လယ်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၈) ရပ်ကွက်များသို့လည်းကောင်း ကွင်းဆင်း၍ မဲပေးစက်နှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက် လာကြသည့် မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် သြဂုတ်လ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်နယ်အလိုက်ကွင်းဆင်း၍ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)