သဲကုန်း ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေရာအဖွဲ့မှ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက မိသားစုတပိုင်တနိုင်လုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးကုန်ကြမှုသက်သာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဆပ်ပြာဆီဖော်စပ်မည့်ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အိမ်သုံးဆပ်ပြာဆီပြုလုပ်ပုံ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ ကိုယ်တိုင်ပါဝင် လက်တွေ့ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို သင်တန်းဆရာမ ဒေါ်ထက်ထက်လွင်က စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား အခမဲ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)