မင်းလှ ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ အ.မ.က ကြို့ကုန်း(၁)ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က ကလေးအလုပ်သမားပြဿနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ/လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များစသည့် အကြောင်းအရာများပါ နံရံကပ်စာစောင်တို့ကို ပြသခဲ့ရာ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပေါက်စ (မင်းလှ)