နိုင်ငံ့စီးပွားမြှင့်တင်ရေး ကရင်ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဩဂုတ် ၁၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏  (၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ၎င်းတို့ကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊အလတ်စားစက်မှုလက်မှုလုပ်ငန်းများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စဉ်ဆက်မပြတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး အဆိုပါချေးငွေများကို မှန်မှန်ကန်ကန်အသုံးပြု၍ ဒေသတွင်းထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့်လူမှုစီးပွားဘဝများတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ကုန်ချောပစ္စည်းများအဖြစ် တင်ပို့ရောင်းချနိုင်ရေးအတွက် အဓိကလိုအပ်သော ကုန်ထုတ်လုပ်ငန်းများကို အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး နောင်တက်လာမည့်အစိုးရကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ချေးငွေစာရင်းဇယားများကိုစနစ်တကျပြုစု၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်များအပေါ် လိုက်နာဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအရင်းမပျောက်မတည်ရန်ပုံငွေ ချေးငွေထုတ်ချေးပေးနိုင်မှု၊ အတိုး/အရင်းပြန်လည်ပေးဆပ်မှု နှင့်ချေးငွေထပ်မံရယူရန်အဆိုပြုတင်ပြလာမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ပြန်လည်ပေးဆပ်မှု အခြေအနေ၊ ချေးငွေထုတ်ချေးပေးနိုင်ပါရန် အဆိုပြုတင်ပြလာမှုများ၊ မွေးမြူကောင်ရေစာရင်း၊ အသား၊ ဥထုတ်လုပ်မှုနှင့် တိုးတက်ထုတ်လုပ်နိုင်မှု၊ ငါးကဏ္ဍဆောင်ရွက်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ကြသည့် တောင်သူများအား သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၏ အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းသီးနှံအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် လာမည့်ဆောင်းရာသီတွင် ဆီဖူလုံမှုရာခိုင်နှုန်းတိုးတက်စေရန် ဆီထွက်သီးနှံများကိုတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်သည့်အတွက် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရန်မှာကြားကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)