ဝါးခယ်မတွင် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ဝါးခယ်မ ဩဂုတ် ၁၈

လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ အသုံးပြုသွားမည်ဖြစ်ရာ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို သြဂုတ်လ ၁၈ ရက် နံနက် ၉ နာရီက မင်းပိုင်းရပ်ကွက်၊ ရွှေခယ်သီရိအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ​လှေကျင်းရပ်ကွက်၊ မြသိန်းတန်ရပ်ကွက်၊ ရွာလယ်ရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများကရန် ကူညီဆောင်ရွက်ပေးကြောင်းနှင့် မြို့နယ်အတွင်းကျန်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)