ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၁၂၀၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၁၂၀၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး ၆၉၉၉၉ ဧက စိုက်ပျိုးရန် လျာထားပြီး ဇူလိုင်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၆၁၂၀၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  လျာထားချက်စိုက်ဧကပြည့်မီစေရန် ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ စပါး ၆၉၉၉၉ ဧကစိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ စပါး ၆၁၂၀၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ တောင်သူတွေကိုလဲ စပါးစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းများ ကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး ၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲဖို့နဲ့ ရွှေခရုရောဂါကင်းဝေးစေဖို့ စိုက်ပျိုးရေး အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆန်စပါးစားနပ်ရိက္ခာဖူလုံပိုလျှံစေရန် စပါးစိုက်ပျိုးတောင်သူများကို အထွက်နှုန်းကောင်းသော စပါးမျိုးများ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မိုးစပါးလျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သောကြောင့် စပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)