ရွှေတောင် သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ သြဂုတ် ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ၊ ကွင်းအမှတ် (၄၅၉A) ရှမ်းကုန်းကွင်းအတွင်း တောင်သူဦးဌေးလင်း၏ မြေပဲ(ဆင်းပဒေသာ-ဆင်းပဒေသာ-၁၁) (၀.၅) ဧက စိုက်ပျိုးဖြစ်ထွန်း၍ ရိတ်သိမ်းနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စုတွင် မြို့မစည်းလုံချည်စက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ(၇၈) ဦးရက္ကန်းစင်(၂၃၁) စင်ရှိသည့်အနက် တိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းလုပ်ကိုင်သူ (၃၃) ဦးနှင့် တွေ့ဆုံပြီး အရည်အသွေးမီပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည့် ချေးငွေများ ကူညီပံပိုးပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပြီး စက်ရက္ကန်းစင်များဖြင့် ပုဆိုး၊ စည်းလုံချည်ဝမ်းဆက် ချည်ထည်အမျိုးမျိုးထုတ်လုပ်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။