ပေါက်ခေါင်း ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အ.မ.က(အုန်းရင်း)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ကျောင်းသားလူငယ်လေးများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ရုပ်ပုံပါစာအုပ်ဖြင့်ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)