နတ်မောက် ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူးဆရာဝန်ကြီး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တတိယအပတ်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအကြောင်း၊ အာဟာရတာဝန်ခံဆရာမကြီးက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့၏ အာဟာရအစာအုပ်စုများအကြောင်း၊ သောက်သုံးရမည့် ဆေးဝါးများအကြောင်းနှင့် အိုင်အိုဒင်းဆား၏ အရေးပါပုံအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးတို့က မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသည့် နို့တိုက်မိခင်များအား မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးတို့က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း