ပြည် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ နည်းပညာတက္ကသိုလ်(ပြည်)၌ ဩဂုတ် ၁၆ ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြနန္ဒာလွင်က ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲမှ အသိပညာဗဟုသုတများကို လေ့လာမှတ်သားကြရန် အမှာစကားပြောကြားပြီး ဟောပြောပွဲတွင် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၄)ချက်အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်းနှင့် အွန်လိုင်းစနစ်ရောင်း/ဝယ်မှု၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် အဆိုပါအသိပညာပေးဟောပြောဆွေးချက်များအပေါ် တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)