အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကန့်ဘလူ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက်နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဆရာမ ဒေါ်သီတာက ခန္ဓာကိုယ်အတွက် အရေးကြီးသော အစာအုပ်စု(၃)စုအကြောင်း၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရဖွံ့ဖြိုးရေးအကြောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အစာအုပ်စု(၃)အုပ်စုအကြောင်းကို ကျောင်းသား ကျောင်းသူများနှင့် အပြန်အလှန် အမေးအဖြေပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ Grade- 6 မှ Grade- 12 ထိ အပျို​ဖော်ဝင် ကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ KG ကျောင်းသား/ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် ထမင်း၊ ကြက်သား၊ ပဲနှပ်၊ ကန်စွန်းရွက်ကြော်နှင့် ငှက်ပျောသီးများ ကျွေးမွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချသည့် အစာအာဟာရများ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိတို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)