မင်းဘူး(စကု)မြို့နယ်၌ အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုရေများ ဖြန့်ဝေပေးလျက်ရှိ

မင်းဘူး ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)အောက်ရှိ အိုင်းမရေလွှဲဆည်နှင့် ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေတို့ဖြင့် ဒေသခံတောင်သူများ၏ မိုးစပါးဧကပေါင်း ၃၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အိုင်းမရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၂၉၆၂၅ ဧကနှင့် မဲဇလီရေလွှဲဆည် ဧရိယာတွင် မိုးစပါး ၄၄၀၁ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများကို ဇွန်လ ၁၅ ရက်မှစတင်ကာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အဆိုပါ ဆည်ရေသောက်ဧရိယာများတွင် ဒေသခံတောင်သူများက ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ ရတနာတိုး၊ GW-11၊ ဆာဖိုးသာ၊ နှင့် YSR-1 စသည့် စပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ပျိုးချိန် လျာထားဧက ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်စေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်အတူပူပေါင်းကာ နယ်မြေကွင်းဆင်းပြီး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိ ဦးမျိုးဇင်သက်က ပြောသည်။

မင်းဘူး(စကု)မြိုနယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်ဧရိယာနှစ်ခုအတွင်း ယခုနှစ် မိုးစပါးကို ဧကပေါင်း ၃၄၀၂၆ ဧကအထိ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အိုင်းမရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၂၂၈၀၃ ဧကနှင့် မဲဇလီရေလွှဲဆည်ဧရိယာတွင် မိုးစပါး ၃၀၄၇ ဧက၊ စုစုပေါင်း မိုးစပါး ၃၂၀၃၇ ဧက စိုက်ပျိုးပြီးဖြစ်ကာ အဆိုပါ စပါးစိုက်တောင်သူများအတွက် မိုးစပါးစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)