ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ဒိုက်ဦး ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက် နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းနိုင်မှ အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဟန်သင်းလှိုင်မှ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် သုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားပြီးနောက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံး​ပြုပုံနည်းစနစ်များအား ရှင်းလင်းပြသပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)