မုံရွာမြို့ အ.ထ.က(၂)တွင်   အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ ကျင်းပ

မုံရွာ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တ ပတ်များ လှုပ်ရှားမှုအဖြစ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီသီစိုးက အမှာစကားပြောကြားပြီး အာဟာရချက်ပြုတ်ပြိုင်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာရာအဖွဲ့တို့အတွက် ချီးမြှင့်ငွေကျပ် ၂၀၀၀၀၀ နှင့် ပြိုင်ပွဲဝင်အဖွဲ့(၄)ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၂၀၀၀၀ တို့ကို ပေးအပ်သည်။

ဆက်လက်ပြီး‌မုံရွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရပညာပေးလုပ်ငန်း၊ ကျန်းမာရေးမှူး ဒေါ်မိုးမေနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်တို့က အာဟာရအုပ်စု(၃)အုပ်စုနှင့်ပတ်သက်၍ လည်းကောင်း၊ အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးဒိုင်ချုပ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးမြင့်ဆွေက အမှတ်ပေးစည်းမျဉ်းများအားလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အာဟာရချက်ပြုတ် ပြိုင်ပွဲကိုစတင်ရာ  အထက(၂)၊အထက(၃)၊အထက(၅)နှင့် အလက(‌လေ့ကျင့်ရေး)ကျောင်းကိုယ်စားပြု ပြိုင်ပွဲဝင် အဖွဲ့လေးဖွဲ့၏ အထက်တန်းကျောင်း သားအရွယ်အတွက် တန်ဖိုးသင့် အာဟာရပြည့်ဝသော အစားအစာ ချက်ပြုတ် သရုပ်ပြယှဥ်ပြိုင်မှုကြသည်။ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါသော တာဝန်ရှိသူများနှင့် အမှတ်ပေးဒိုင်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ၊ ပြိုင်ပွဲဝင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို  တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း၊  ပထမဆုရရှိသည့် အထက(၂) အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀၀၀၀၀ ကို ခရိုင်ပညာရေးမှူးဦးတင်ဝင်းက လည်းကောင်း၊ ဒုတိယဆုရရှိသည့်အထက(၃)အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၈၀၀၀၀ ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်က လည်းကောင်း၊  တတိယဆု ရရှိသည့် အထက(၅)အဖွဲ့အားဂုဏ်ပြုချီးမြှင့်ငွေကျပ် ၆၀၀၀၀ ကို  ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာစိုးက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အလက(လေ့ကျင့်ရေး)အဖွဲ့အား ကျပ် ၅၀၀၀၀ ကို  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်နှင်းစိုးက လည်းကောင်း  ချီးမြှင့်ပေးအပ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)