ဆိပ်ဖြူ သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်၏ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃာ့နာယက သြဝါဒစရိယ သက်တော်ရှည်ဆရာတော်ကြီးများ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ အလှူရှင်များ၊ ဓမ္မစကူလ်းသင်တန်း နည်းပြဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
အဆိုပါအခမ်းအနားကို ဆရာတော်သံဃာတော်များနှင့်ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ပူဇော်ရွတ်ဆို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် သံဃာ့နာယက သြဝါဒစရိယ ဝေဇန္တာကျောင်းတိုက်ဆရာတော် ဦးဇဝနထံမှ ငါးပါးသီးလ ခံယူဆောက်တည်ကြပြီး၊ ရွှေပြည်ကျောင်းဆရာတော်နှင့် သိမ်းကျောင်းဆရာတော်တို့ကသြဝါဒစကားများ မြွက်ကြားပေးတော်မူကြသည်။
၎င်းနောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကဓမ္မစကူလ်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းမိန့်ကြားပေးပြီး အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က သာသနာတော်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဓမ္မစကူလ်းသင်တန်းများ ဖွင့်လှစ်ပေးမှုနှင့် သင်ကြားပေးသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ အားဂုဏ်ယူဝမ်းမြောက်အမှာစကားများပြောကြားပေးသည်။ ဓမ္မစကူလ်း သင်တန်းများအတွက် အလှူငွေများလှူဒါန်းခြင်းအခမ်းနား ဆက်လက်လက်ကျင်းပရာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦနိုင်မင်းထွန်းက ဓမ္မစကူလ်းသင်တန်းအတွက် ငွေကျပ်သိန်း (၂၀) ကျပ် မတည်ဆပ်ကပ်လှူဒါန်းခြင်း၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်မိသားစုများမှ လှူဒါန်းငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများက ဓမ္မစကူလ်း တေးသံသာသာများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသံသာသာများဖြင့် ကပြဖျော်ဖြေသည့် ကျောင်းသား/ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများချီးမြင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဓမ္မစကူလ်းသင်တန်းကို မြို့ပေါ်ရပ်ကွက် (၄) ခု၌ သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပြီး Grade – 1 မှ Grade – 7 အထိ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ဓမ္မစကူလ်းစာအုပ်မှ ပြဌာန်သင်ခန်းစာများကို ကျောင်းသား/ကျောင်းသူလေးများ၏ အသိဉာဏ်၊ ပညာ၊ အလိမ္မာရရှိရေးတို့ကို သင်ကြားပြသဆောင်ရွက်လျက်ရှိပြီး သင်တန်းတက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ (၈၀၀) ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
စိုးလင်းနိုင် (IPRD)