အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကန့်ဘလူ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီခွဲက အထက (ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဆရာမ ဒေါ်သီတာက ခန္ဓာကိုယ်အတွက် အရေးကြီးသော အစာအုပ်စု (၃) စုအကြောင်း၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် အာဟာရဖွံ့ဖြိုးရေးအကြောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အစာအုပ်စု (၃) အုပ်စုအကြောင်းကို ကျောင်းသား ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ Grade- 6 မှ Grade- 12 ထိ ကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ KG ကျောင်းသား ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် ထမင်း၊ ကြက်သား၊ ပဲနှပ်၊ ကန်စွန်းရွက်ကြော်နှင့် ငှက်ပျောသီးများ ကျွေးမွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချသည့် အစာအာဟာရများ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိမရှိတို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)