ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ကျွန်းလှ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပြပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးနိုင်၏ လယ်မြေ ၂ ဧက၌ ကျင်းပသည်။

“ကျွန်းလှမြို့နယ်မှာ စပါးသီးနှံကို နည်းလမ်းမျိုးစုံနဲ့ စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ အခုလို မျိုးစေ့ချကိရိယာနဲ့ စိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာခြင်း၊ လုပ်သားအင်အားနည်းခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ပေါင်းထိုးတမန်းနှိုးလွယ်ကူခြင်း၊ အထွက်နှုန်းကောင်းခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် စိုက်ပျိုးရေး ပညာရှင်များက မျိုးစေ့ချကိရိယာဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ပြသကြရာ ဒေသခံတောင်သူများ လေ့လာကြည့်ရှုခဲ့ကြသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်ထိ ၂၉၅၇၂ ဧက (၈၆ ဒသမ ၇၃) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)