ပဲခူး ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက်နေ့က ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သုံးပန်လှကျေးရွာ၌ လက်သည်းရေကန်(ခ)သုံးပန်လှကျောင်းဝန်းအတွင်းရှိ နှစ်ထပ်အုတ်ကျောင်းဆောင်အား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးယခင်ကအတိုင်း မြန်မာမှုလက်ရာများ စနစ်တကျထည့်သွင်းသွားရန်၊ ရှေးဟောင်းအဆောက်အဦများ ပြန်လည်ပြင်ဆင်ရာတွင် ခိုင်ခန့်မှုရှိရန်လည်း ဦးစားပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ ကြက်တူရွေးတောင်၌ ပျူမြို့ဟောင်းမျှော်စင် တည်ဆောက်ထားမှုအား ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မျှော်စင်ပတ်ဝန်းကျင်၌ သဘာဝသစ်တာသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်တစ်ခုထားရှိရန်၊ တောင်အတက်/အဆင်းလမ်းများ ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ရန်၊ မျှော်စင်၌ တင်ဆင်ထားသည့် လှေကားများ ပြန်လည်ပြင်ဆင်ရန်နှင့် ပျူမြို့ဟောင်းအတွင်းရှိ အထင်ကရနေရာများအား မျှော်စင်မှ မြင်တွေ့နိုင်သည့် ပုံစံငယ်နှင့် မြေပုံလမ်းညွှန်များထားရှိရန် တာဝန်ရှိသူများအား လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)