မုံရွာ ဩဂုတ် ၁၆
မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများက “ကြက်ခြေနီဂုဏ်ပြု”တေးသီချင်းသီဆို၍ အခမ်းအနားအားဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာစိတ်၊ ကြင်နာသနားစိတ်၊ ရိုင်းပင်းကူညီလိုစိတ်၊ ထောက်ပံ့ပေးကမ်းလိုစိတ်နှင့် ပြည့်စုံသည့် အသင်းတစ်သင်းဖြစ်ပါကြောင်း၊ ယခုအသင်းကြီး၏ ဆောင်ရွက်ချက်များအား နိုင်ငံတော်အနေဖြင့် အစဉ်တစိုက် အသိအမှတ်ပြုအားပေးနေသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အသိအမှတ်ပြုအားပေးလျက်ရှိပါကြောင်း၊ မုံရွာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ယခုသင်တန်းဆင်းမည့် သင်တန်းသားတပ်ဖွဲ့ဝင်များအနေဖြင့် ရှေးဦးပြုစုခြင်းအတတ်ပညာများအား အကျိုးကျိုးရှိရှိအသုံးချပြီး လူနာများ၏အသက် ရှင်သန်အောင်၊ ဒဏ်ရာအခြေအနေလျော့ပါးသက်သာလာအောင်နှင့် ခန္ဓာကိုယ်မသန်စွမ်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်နိုင်သည့် စံပြကြက်ခြေနီများအဖြစ် ကြိုးစားထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာတက္ကသိုလ်အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပါမောက္ခချုပ်ထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မုံရွာတက္ကသိုလ်ပါမောက္ခချုပ်က ကြက်ခြေနီသင်တန်း ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ မုံရွာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲအတွက် ဆေးဘူးများပေးအပ်ခဲ့သည်။
ဆက်လက်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဝါဆိုဝါကပ်တော်မူကြသည့် သက်တော်ရှည်ဆရာတော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ ရွှေဥဒေါင်း ကျောင်းတိုက်ကြီးတွင်ကျင်းပရာ မုံရွာမြို့၊ ရွှေဥဒေါင်းကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဘဒ္ဒန္တမာဃဝံသဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မဟာဇောတိကာရာမကျောင်းတိုက်နှင့် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ရန်ကင်းကျောင်းတိုက်များသို့ရောက်ရှိခဲ့ပြီး ဦးစီးပဓာနနာယကဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ အသီးသီး လျှောက်ထားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)