ပဲခူး ဩဂုတ် ၁၆
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရေးအတွက် အာဟာရပြည့်ဝမျှတဖို့သည် အဓိကအခြေခံကျသည့် လိုအပ်ချက်ဖြစ်ကြောင်း၊ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးပြဿနာ အတော်များများ၏ အခြေခံအကြောင်းအရင်းဖြစ်ပြီ လူတိုင်း အာဟာရပြည့်ဝမျှတမှသာ သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်သွားနိုင်မှာဖြစ်ကြောင်း၊ ဩဂုတ်လအတွင်း “မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး”၊ “ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး”၊ “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး”နှင့် “အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး”တို့ကို အလေးထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကျောင်းနေရွယ်ကလေးများရဲ့ ကျန်းမာရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းအခြေပြု “ကျန်းမာရေးအသိပညာမြှင့်တင်ပေးခြင်း”၊ “ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း”၊ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းခြင်း”၊ “မျက်စိကျန်းမာရေးစောင့်ရှောက်ပေးခြင်း”၊ “သွားနှင့်ခံတွင်းစောင့်ရှောက်ပေးခြင်း”၊ “သန်ချဆေးနှင့်သံဓာတ်အားဆေး တိုက်ကျွေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးခြင်း”တို့အား တစ်နှစ်ပတ်လုံး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရေး အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့် ဆုရကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်က ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအလယ်တန်းအဆင့်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် မူလတန်းကျောင်းသား၊ ကျောင်းသူလေးများက “စိတ်လှဖို့လိုတယ်” သီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ (Video clip)အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးများတိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)