ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစိုက်ဧက(၂၀၀) ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကောက်ကွက်ပြည့်မီရေးနှင့် သတ်မှတ်ကောက်ပင်အရည်အတွက် ဝင်ဆံ့နိုင်ရေး မြို့နယ်အလိုက် ကောက်စိုက်လုံမေများဖြင့် ကောက်စိုက်စွမ်းရည် ယှဉ်ပြိုင်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ပျိုးထောင်ကောက်စိုက်ခြင်းသည် စပါးပင်ရောဂါ ကင်းရှင်းခြင်း၊ ရွှေခရုဖျက်စီးမှုသက်သာခြင်း၊ ပေါင်းရှင်းပေါင်းလိုက်မှုသက်သာခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ခြင်းတို့အပြင် ဒေသခံတောင်သူလယ်သမားများအတွက် ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ တက်ရောက်လာသည့် ဒေသစုံတောင်သူများအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ထားသည့် တန်ဖိုးသင့်လယ်ယာသုံးစက်ကိရိယာများကို တစ်နေရာတည်း စုစည်းတွေ့မြင်ရခြင်း၊ သရုပ်ပြစိုက်ပျိုးမှုအား လက်တွေ့မြင်ရခြင်းတို့အပြင် ဝယ်လိုပါက ချေးငွေစနစ်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံမှန်ကန်ရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲ၌ နှစ်သိမ့်ဆုရရှိသော ကြို့ပင်ကောက်မြို့နယ်၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ်ကိုယ်စားပြု ကောက်စိုက်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများကလည်းကာင်း၊ တတိယဆုရရှိသည့် သာယာဝတီမြို့နယ်ကိုယ်စားပြု ကောက်စိုက်အသင်းအား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မိုးညိုမြို့နယ်ကိုယ်စားပြု ကောက်စိုက်အသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် အုတ်ဖိုမြို့နယ်ကိုယ်စားပြု ကောက်စိုက်အသင်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကောက်စိုက်စွမ်းရည်ပြပွဲ၌ သာယာဝတီခရိုင်အတွင်း မြို့နယ် ()မြို့နယ်မှ တက်ရောက်လာခဲ့သည့် တောင်သူများအတွက် သာယာဝတီမြို့နယ်၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သူ လုပ်ငန်းရှင်ဦးမြင့်စိုး၏ တောင်သူတစ်ပိုင်တစ်နိုင် တန်ဖိုးသင့် စပါးတင်း (၃၅၀)ဆံ့ အခြောက်ခံစက်ထုတ်လုပ်ထားရှိမှု၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး ခင်းကျင်းပြသထားရှိပြီး ပဲခူးမြို့ Agro Future Myanmar Co., Ltd မှ ထုတ်လုပ်ထားသော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်နှင့် အင်ဂျင်ပါလက်ဆွဲ ကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်()သီးစိုက် ကျေးရွာများတွင် ဒေသတွင်းထုတ် စပါးအခြောက်ခံစက်များ တည်ဆောက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဝက်စာပိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစိုက်ဧက(၁၅၀)အား စုပေါင်းသဘာဝမြေဩဇာနှင့် ကျောက်မှုန်ရောစပ်ကြဲပတ်နေမှုနှင့် သမန်းနှိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပြီးပါက ရေမြေသဘာဝနှင့်ကိုက်ညီပြီး တောင်သူဝင်ငွေတိုးမည့် မတ်ပဲနှင့် ပဲတီစိမ်း မျိုးကောင်းမျိုးသန့်ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအုပ်စုရှိ အောင်နိုင်တိုးမျိုးစေ့ထုတ်စိုက်ခင်းအား ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း  ကျော်လွန်ထွက်ရှိပြီး ပြည်တွင်း/ပြည်ပ စျေးကွက်ရှိသည့် အောင်နိုင်တိုးမျိုးစေ့ထုတ် စိုက်ခင်းများ ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသွားရန်နှင့် မျိုးသန့်စင်သည့်လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)