ပဲခူး ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ “တက်နေထွန်း” ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ “တက်နေထွန်း” စာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များနှင့် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ လိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့လာရောက်စေရေး အလေးထားစည်းရုံးဆောင်ရွက်ရန်နှင့် စာကြည့်တိုက်အား ပိတ်ရက်မရှိဖွင့်လှစ်ပေးထားရန် စာကြည့်တိုက်ကော်မတီဝင်များအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က စာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် ဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)