ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရေနံချောင်း ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြေနီခင်တောင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(ဘဲနန်း)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ မိမိဖတ်ရှုလေ့လာသည့် စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရန်နှင့် စာပေဖတ်ရှု လေ့လာခြင်း၏ အကျိုးကျေးဇူးကြီးမားပုံများကို အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာအချက်များ၊ ကုန်ညွှန်းအမှတ်အသားမပါသော အစားအစာများ၊ FDA ခွင့်ပြုချက်မရှိသော ကုန်ပစ္စည်းများနှင့် စားသုံးရန်မသင့်သော အစားအသောက်များအကြောင်းကို လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်က မိုးရာသီတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း အသိပညာပေးဟောပြောကာ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)