ပဲခူးမြို့၌ ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်၊ ကောင်းမွန်သောဆေးဝါးသိုလှောင်မှု ကျင့်စဥ်တို့နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူး ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကအထူးကု ဆေးရုံများရှိ ဆေးဆိုင်များတွင် ဆေးဝါးများရောင်းချရာ၌ ကောင်းမွန်သောကျင့်စဥ်များနှင့်အညီ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အမျိုးသားဆေးဝါးဥပဒေကို သိရှိလိုက်နာရန်၊ ဆရာဝန်ဆေးညွှန်းစာပါမှ ရောင်းရမည့် ဆေးဝါးများကို ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်နှင့်အညီ ရောင်းချရန်၊ ကောင်းမွန်သောဆေးဝါးသိုလှောင်မှုကျင့်စဥ်ကိုလိုက်နာရန် စသည်တို့ကို အသိပညာပေးခဲ့ပြီး ပဲခူးမြို့ရှိ အထူးကုဆေးခန်း(၃)ခန်းနှင့် ပုဂ္ဂလိကအထူးကုဆေးရုံ(၄)ရုံရှိ ဆေးဆိုင်များတွင် သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပြီး ဆေးဆိုင်တချို့တွင် ဆေးဝါးသိုလှောင်မှုကျင့်စဥ် အားနည်းသည်ကိုတွေ့ရှိရသဖြင့် ဆေးဝါးများ အာနိသင်မပျက်စီးရန် လိုက်နာရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)