ပွင့်ဖြူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများက လက်ခုပ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများကိုတွေ့ဆုံ၍ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများကို စနစ်တကျ ပြုစုဖြည့်သွင်း ထိန်းသိမ်းထားရှိရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် သန်း (၃၀) ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လက်ခုပ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၇၄)ဦးကို ငွေကျပ် (၁၈ ဒသမ ၈) သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၅)ဦးကို ငွေကျပ် (၃ ဒသမ ၇) သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၂၇)ဦးကို ငွေကျပ် (၆ ဒသမ ၅၅) သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၃)ဦးကို ငွေကျပ် (သုည ဒသမ ၉၅) သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ (၁၁၉)ဦးကို ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သန်း (၃၀) ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)