စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ဆောင်ရွက်

ရေဦး ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီက အောင်ဆန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက “ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ” အကြောင်းနှင့် စာပေဖတ်ရှု့လေ့လာရေးတို့ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့၀င်း‌မောင်က “သက်ငယ်မုဒိမ်းမှုအန္တရာယ် သတိပြုကာကွယ်နိုင်ရေး” အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား ကာယ၊ ဉာဏဖွံဖြိုးစေရေးအတွက် ပုံပြင်ပြောပြခြင်း၊ အားကစားပြိုင်ပွဲပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးကာ အားကစားပြိုင်ပွဲတွင် အနိုင်ရခဲ့ကြသူ ကျောင်းသား‌၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်အဖြစ် ခဲတံများ ပေးဝေခဲ့ကြကြောင်း သိသည်။

၎င်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ရေဦး)