မုံရွာ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၇/၂၀၂၅) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ဦးတည်ချက်၊ လမ်းညွှန်ချက်၊ လိုလားချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရန်နှင့် ဝင်ရောက်ပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လုပ်ငန်း စဉ်များအား လွယ်ကူချောမွေ့အောင် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင် ရွက်ပေးသွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကော်မတီအဖွဲ့ဝင်အားလုံးမှ အလေးထားကာ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-ခုနှစ်၊ ဇူလိုင်လအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအခြေအနေများနှင့် စစ်ကိုင်းစက်မှုဇုန်တွင် ဆောင်ရွက်နေသည့် Sagaing Steel Industry Co., Ltd. ၏ သံနှင့် သံမဏိအခြေခံပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား တည်ဆောက်မှုသက်တမ်းတိုး တင်ပြလာခြင်းကိစ္စနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)