မုံရွာ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး ဈေးရုံအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါဈေးရုံသစ် အဆောက်အဦသစ်ရှေ့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော လိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့ပေါ်ရှိ ဈေးရုံအဆောက်အဦသစ်များ အဆင့်မြှင့်ဆောက်လုပ်ပေးခြင်းကြောင့် ဈေးဆိုင်ခန်းရှင်များအနေဖြင့် ခေတ်မီအဆောက်အဦများတွင် စတစ်တကျ စည်းကမ်းရှိစွာ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဝယ်ဖောက်ကားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း မြို့နေပြည်သူများ အပန်းဖြေအနားယူနိုင်ရန်အတွက် ပြည်သူ့ဥယျာဉ်တစ်ခု တည်ဆောက်ပေးလျှက်ရှိပြီး ဈေးများအားအဆင့်မြှင့်တင် တည်ဆောက်ပေးခြင်း၊ မြို့တွင်းရှိလမ်းများ အဆင့်မြှင့်တင်ခင်းကျင်းပေးခြင်းနှင့် မြို့သာယာလှပရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မုံရွာမြို့သည် တိုင်းဒေသကြီးမြို့တော် ဖြစ်သည်နှင့်အညီ မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် မြို့နေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ် တည်ဆောက်ပြီးစီးခဲ့မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး အဆိုပါဈေးရုံ အဆောက်အဦသစ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ်အား လိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းချသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဈေးရုံအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဈေးလာရောက်ဝယ်သူများအား စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများနှင့် နံနက်စာများ ဝေငှပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ်သည် အလျား (၂၇၉)ပေ၊ အနံ (၂၄)ပေ၊ ဈေးဆိုင်ခန်းပေါင်း (၄၄)ခန်း၊ တစ်ခန်းလျင် အလျား (၉)ပေ၊ အနံ (၁၀)ပေ အကျယ်ဖြစ်ပြီး မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)