ပွင့်ဖြူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဩဂုတ်လ ၁၅ ရက်နေ့က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ ဘုရားကုန်းကျေးရွာ၌ ဒေသခံပြည်သူ ဦးရဲလွင်ဦး၏ အသားတိုးကြက်မွေးရေးခြံ၌ သားငါးကဏ္ဍ ဖူလုံစေရန် မွေးမြူလုပ်ကိုင်လျက်ရှိသော အသားတိုးကြက်ကောင်ရေ ၆၀၀ ခြံလှောင်စနစ်ဖြင့် မွေးမြူဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး သားငါးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရေး ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဌာဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် လယ်ယာထွက်သီးနှံများ လွယ်လင့်တကူ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော သမော်အင်းကျေးရွာ လမ်းအရှည် သုည/ ၅ ဒသမ ၄ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု နှစ်ပေကိုးလက်မ မြေနီကျောက်စရစ် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရေးလွယ်ကူချောမွေ့စေရန်အတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ညောင်ပင်ရွာ - သမော်အင်း ကျေးရွာချင်းဆက်လမ်းအရှည် တစ်မိုင်အား မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် ညောင်ပင်ရွာကျေးရွာမှ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုး နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့သို့ ရောက်ရှိပြီး မြို့အဝင် ပွင့်ဖြူ-မင်းဘူး - မကွေးသွားကားလမ်းအား ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြို့နယ်လမ်းဦးစီးဌာနမှ ကတ္တရာထပ်ပိုးလွှာခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများအမြန်ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)