ပေါင်းတည် သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကျင်းပသော ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားနှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့ အ.လ.က(ခွဲ) မှတ်တိုင်လမ်း၌ ကျင်းပခဲ့သည်။
ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်ကကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများကအစာအုပ်စု သုံးမျိုးမျှတစွာပါဝင်သော နေ့လယ်စာများ(Lunch Box) အကြောင်းနှင့်ကောင်းမွန်သော စားသောက်မှု အလေ့အကျင့်ဖြစ်စေရန် နေ့စဉ်စားသောက်သင့်သောအစား အသောက်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ခင်းကျင်းပြသထားသော အစားအစာ အုပ်စုသုံးမျိုးအား ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျန်းမာရေးအသိပညာ ဉာဏ်စမ်းပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ၅ နှစ်အောက် KG ကျောင်းသား ကျောင်းသူလေးများအား သံချဆေးနှင့်ဘီတာမင်အေတိုက်ကျွေးနေမှု၊ ကျန်းမာရေးစစ်ဆေးပေးနေမှု၊ အဟာရဖွံ့ဖြိုးရေးအစားအစာ ကျွေးမွေးနေမှုနှင့် ကျောင်းသား၊ ကျောင်းသူ ၃၄၀ဦးအား အာဟာရ ကြက်သားဆန်ပြုတ် တိုက်ကျွေးနေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)