မင်းလှမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village)ဆောင်ရွက်လျက်ရှိသည့် သဖန်းချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်က သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ကျေးလက်နေပြည်သူများ မျိုးစေ့အကြောင်း သိကောင်းစရာများ၊ စပါးရှင်သန်ကြီးထွားစေရန် ယူရီးယားမြေဩဇာနှင့် နွားချေးမြေးဆွေးများသမအောင် ရောနှော၍ ညီညာစွာကျဲပက်ပေးခြင်း၊ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ထယ်ထိုးမြှပ်နှံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေဝင်းမောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းနှင့် သက်ငယ်မုဒိမ်း အသိပညာပေးဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်နီလာဦးက ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက စာဖတ်ခြင်းအကျိုးကျေးဇူး၊ သမဝါယမဦးစီးဌာနမှ သမဝါယမဆိုင်ရာလုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သဖန်းချောင်းကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။

ဝင်းမြတ်(အထက်မင်းလှ)