မင်းလှ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း(မင်းလက်ဝါး)ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာနုယဉ်ခင်က ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ဩဂုတ်လ(၁၂)ရက်နေ့က ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆုရွေးချယ်အမှတ်ပေးမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် တတိယဆုပူးတွဲဆု၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ဆုလက်ခံရယူခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)