ဆင်ပေါင်ဝဲမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ဆင်ပေါင်ဝဲ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရအကြောင်းနှင့် ဗီတာမင်ဘီဝမ်းအကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရရရှိသော အစားအစာများအား ရွေးချယ်စားသုံးသင့်ကြောင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း၊ သွားကျန်းမာရေး အသိပညာပေးခြင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးရန် သရုပ်ဖော်ပြသခြင်း တို့ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နို့တိုက်မိခင်များနှင့် ငါးနှစ်အောက် ကလေးများအား ကြက်ဥ၊ အိုင်အိုဒင်းဆား၊ ဆေးခြင်ထောင်၊ သံဓာတ်အားဆေးများနှင့် အလှူငွေများကို ပေးအပ်ခဲ့ပြီး ငါးနှစ်အောက် ကလေးငယ်များအား မီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)