ကျိုက်လတ် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ (၁၄) ရက်၊ နေ့လယ်ပိုင်းက သဗြုဆိပ်ညောင်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက အားကစားနှင့်ကာယပညာ၊ လေ့ကျင့်ခန်းများအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်၊ ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။
အဆိုပါ "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" သို့ အ.ထ.က (သဗြုဆိပ်ညောင်ချောင်း) မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀ ) ဉီးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)