ဘုတ်ပြင်း ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု ကလန်းချောင်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သီဟက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးက ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍအထူးလေ့လာ လိုက်စားစေလိုကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ လာမည့်ရက်များတွင် အခြေခံပညာကျောင်းပေါင်းစုံ အေရိုဗစ်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ကာ မိမိကျောင်းအတွက်သာမက မြို့နယ်အတွက် ထူးချွန်တဲ့ အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ တန်ဖိုးထားမြတ်နိုးတတ်စေရေန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်ပေါ်လာစေရန် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြ စေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း အသီးသီးပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အားကစားအသိပညာပေး လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် လူငယ်ရေးရာများနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)