ငါန်းဇွန်မြို့နယ်၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ငါန်းဇွန် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၄/၁၅၄၈)၊ ဦးပိုင် အမှတ် (၁၈၁)၊ တောင်သူ ဦးကြည်တင်၏ လယ်မြေ (၂) ဧကတွင် ယနေ့နံနက် ၈နာရီခွဲက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါး (အောင်နိုင်တိုး)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် ဆောင်ရွက်ရာတွင် မျိုးစေ့များအား ဆားရည်စိမ်ခြင်း၊ မျိုးစေ့မျိုးညှောင့်ဖောက်ခြင်းနှင့် စိုက်ပျိုးမည့်လယ်မြေများ ညီညာပြန့်ပြူးစေရန်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါး (အောင်နိုင်တိုး) စိုက်ပျိုးခြင်းကို ကွင်းသရုပ်ပြဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၄၃) ဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။               

သက်နောင်ဦး(ငါန်းဇွန်)