မြင်းခြံမြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်

မြင်းခြံ ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေးက ကျောင်းကျန်းမာရေးသီတင်းပတ်တွင် ပညာရေးကဏ္ဍမှဆောင်ရွက်နေမှုများနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဇင်မာသန်းထွန်းက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့် မြို့နယ်အတွင်း ကျောင်းကျန်းမာရေးလှုပ်ရှားမှု များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဦးဆောင်၍ ကျန်းမာရေးနှင့် ပတ်သက်သည့် လူငယ်စကားဝိုင်းကိုလည်း ကျင်းပသည်။ ထို့နောက် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                              

ကျော်စွာ(မြင်းခြံ)