ကျိုင်းတုံ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ အူးဖူဒေ့အာခါကျေးရွာတွင် ၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက် အာခါရိုးရာစုပေါင်း ရဲခူအာဖွေဒန်းစီးပွဲတော် သြဂုတ် ၁၄ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
ဦးစွာ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ရဲခူအာဖွေဒန်းစီးပွဲတာ်နှင့်ပတ်သက်၍ ပြောကြားပြီး တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် ဧည့်သည်တော်များက ဒန်းတော်ကိုစီးနင်းမင်္ဂလာပြုခြင်းနှင့် ရဲခူအာဖွေဒန်းစီးပွဲတော် အထိမ်းအမှတ်အဖြစ် ချယ်ရီသစ်ပင်များ စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ရဲခူအာဖွေ ဒန်းစီးပွဲတော်အထိမ်းအမှတ် ကျောက်စာတိုင်အား တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုနှင့် အူးဖူဒေ့ရပ်ရွာအကြီးအကဲ ဦးအားဆော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများဖြန်းပက်ကြသည်။
ရဲခူအာဖွေဒန်းစီးပွဲတော်တွင် တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့က အမှာစကားပြောကြားပြီး တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များက ပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ အာခါအကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အာခါတိုင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အာခါတိုင်းသားများ၏ အာခါရိုးရာစုပေါင်းရဲခူအာဖွေ ဒန်းစီးပွဲတော်ကို စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် စားရေရိက္ခာဖူလုံကြွယ်ဝစွာရရှိစေရန် ဘိုးဘေတို့ထံတောင်းဆုပြုခြင်း၊ စိုက်ထူထားသည့် ဒန်းတော်ကိုပျော်ရွှင်စွာစီးနင်းကာ မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဒန်းစီးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပွဲတော်ကို ဩဂုတ် ၁၂ ရက် မှ ၁၅ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)